နွေရာသီမှာ ကလေးကို ကျန်းမာစေဖို့ ဘာတွေ ဂရုစိုက်ပေးရမလဲ
နွေရာသီဆိုတာက ကလေးတွေအတွက် ပေါ့ပါးလွတ်လပ်တဲ့ ရာသီတစ်ခုပါ။ ကျောင်းစာတွေ လွတ်လပ်နေချိန်ဖြစ်တာကြောင့် အကြိုက်ဆော့ကစားကြရင်း ကလေးတွေမှာလည်း ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ခြေကလည်း အခြား အချိန်တွေထက် ပိုများနေပါတယ်။
ဒီတော့ နွေရာသီမှာ ကလေးကို ကျန်းမာစေဖို့ ဘာတွေများ ဂရုစိုက်ရမလဲဆိုပြီး သိချင်နေပြီလား မိဘများတို့ ဒါဆိုရင်တော့ စာလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်ပါလို့ ပြောချင်ပါတယ်။
နွေရာသီက ပုံမှန်အားဖြင့်တော့ ရာသီဥတုတွေထဲမှာ အပြင်းထန်ဆုံး ရာသီဥတု တစ်ခုပါ။ ချွေးတွေ အထွက်များတာကြောင့် ရေဓာတ်ခမ်းတာမျိုး ဖြစ်စေနိုင်သလို အရေပြား ပြဿနာ အမျိုးမျိုးကိုလည်း ခံစားရနိုင်ပါတယ်။ ဒီတော့ ကလေးတွေကို နွေအပူဒဏ်အောက်မှာ ကျန်းမာစေဖို့ ဆိုရင်
ရေဓာတ်ပြည့်အောင် ဂရုစိုက်ပေးပါ - နွေရာသီမှာ အရေးကြီးတာက ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဖို့ပါ။ ချွေးထွက်များ တာကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကို ပြန်မဖြည့်မိတဲ့အခါ ရေဓာတ် ဆုံးရှုံးမှု ဖြစ်ပြီး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။
ဒါကြောင့် ကလေးကို ရေကို သတိထားပြီး တိုက်ပေးပါ။ ကလေးက ရေမသောက်ချင်ဘူး ဆိုရင် အုန်းစိမ်းရည်၊ သစ်သီးဖျော်ရည်ကို သကြားမထည့်ဘဲ ပြင်ဆင်ပေးတာမျိုးတွေ လုပ်ပေးပါ။
ချည်သားပွပွချောင်ချောင်လေးတွေ ဝတ်ဆင်ပေးပါ - ကလေးကို သက်တောင့်သက်သာ ဖြစ်စေပြီး အပူဒဏ်ကြောင့် ထိခိုက်မှု ကင်းစေဖို့အတွက် အရောင်ဖျော့ဖျော့ ချည်သားပွပွချောင်ချောင်လေးတွေကို ဝတ်ဆင်ပေးပါ။ ဒီလို ဝတ်ဆင်ပေးတာက ကလေးကို အပူသက်သာစေပြီး အေးမြစေမှာပါ။
အသီးအရွက်တွေ ပြင်ဆင်ပေးပါ - နွေရာသီမှာ ကိုယအပူချိန် မြင့်တက်တာကြောင့် အစာခြေစနစ်ရဲ့ လုပ်ဆောင်မှုက နှေးကွေးပါတယ်။
ဒါကြောင့် ကလေးကို ဆီကြော်စာတွေ၊ အဆီများတဲ့ အစားအစာတွ ကျွေးမယ့်အစား အစာကြေလွယ်တဲ့ အသီးအရွက် လတ်လတ်ဆတ်ဆတ်လေးတွေကို စားချင်စဖွယ် ပြင်ဆင်ပေးပါ။ ရေဓာတ်ကြွယ်ဝတဲ့ သစ်သီးတွေကို ပြင်ဆင်ပေးတာကလည်း နည်းလမ်းကောင်းပါ။
နေ့ခင်းနေ့လယ် အပြင်ထွက်မဆော့ခိုင်းပါနဲ့ - ကလေးကို အပူချိန် မြင့်နေတဲ့ နေ့ခင်းနေ့လယ်မှာ အပြင်ထွက်ဆော့စေတာက ကလေးကို အပူဒဏ်နဲ့ ပြင်းပြင်းထန်ထန် ထိတွေ့စေပြီး အရေပြားထိခိုက်တာ၊ အင်ပြင်နဲ့ မိတ်ထွက်တာတွေကို ဖြစ်စေနိုင်ပါတယ်။
အပူလျှပ်တာကိုလည်း ဖြစ်စေနိုင်တာကြောင့် သတိထားပါ။
နေရောင်ကနေ ကာကွယ်ပေးပါ - ကလေးကို နေ့ခင်းနေပူချိန်မှာ အတတ်နိုင်ဆုံး အိမ်ထဲမှာပဲ ထားပါ။
ကလေးက အပြင်ထွက်မယ်ဆိုရင်လည်း နေလောင်ကာခရင်မ် လိမ်းပေးတာ၊ နေကာမျက်မှန်တပ်ပေးတာ၊ ဦးထုပ်ဆောင်းပေးတာ၊ ချည်သားလက်ရှည် ဘောင်းဘီရှည် ဝတ်ပေးတာမျိုးတွေ လုပ်ပေးပါ။
ဒီနည်းလမ်းလေးတွေကို အသုံးပြုလို့ ကလေးတွေကို နွေအပူဒဏ်ကနေ ကာကွယ်ပေးလိုက်ပါ။
မွန်မွန်